Skip to content Skip to sidebar Skip to footer

နောက်ဆုံးရနိုင်ငံတကာသတင်းများ/ People’s Spring

“ထရမ့်ရဲ့ ဗဟိုအစိုးရကို ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရ တရားစွဲ ၊၂ နာရီကြာ ခရီးကို ၁ မိနစ်ပဲ ကြာမြင့်တော့မယ့် တရုတ်ရဲ့ ကမ္ဘာအမြင့်ဆုံးတံတား “

ဧပြီ – ၁၇ ၊ ၂၀၂၅ ညပိုင်းနိုင်ငံတကာသတင်း
ဒီနေ့ ဧပြီ ၁၇ ရက်နေ့အတွက် နိုင်ငံတကာသတင်းဖြစ်ရပ်တွေထဲကအချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

ထရမ့်ရဲ့ ဗဟိုအစိုးရကို ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရ တရားစွဲ

ပြည်ပ သွင်းကုန် အခွန်အခတွေ မြှင့်တင် သတ်မှတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ အနေနဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရက အမေရိကန် ဖက်ဒရယ် အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

ထရမ့်ဟာ သမ္မတ ဖြစ်လာကတည်းက ပြည်ပ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မူဝါဒတွေကို အမျိုးမျိုး အပြောင်းအလဲတွေ သတ်မှတ်နေပြီး အကျိုးဆက်အဖြစ် နိုင်ငံတကာ စျေးကွက်မှာ မငြိမ်သက်မှု ဂယက်တွေလည်း ဖြစ်ပေါ်လာပါတယ်။

ဧပြီ ၁၆ ရက်နေ့မှာတော့ ကယ်လီဖိုးနီးယားဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရကို တရားစွဲဆိုတဲ့ ပထမဆုံး ပြည်နယ် အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ် ရှေ့နေချုပ်တို့က ထရမ့်ဟာ အခုလိုမျိုး ကုန်သွယ်ခွန် စည်းကြပ်မှုတွေကို လုပ်ချင်ရာ လုပ်နေဖို့ အခွင့်အာဏာ မရှိဘူးလို့ ပြောပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရဆီက တရားစွဲဆိုမှုဟာ ပြည်ပ ကုန်သွယ်ခွန်တွေကို အမျိုးမျိုးပြောင်းပြီး မြှင့်တင် သတ်မှတ်နေတဲ့ ထရမ့်ရဲ့ မူဝါဒပိုင်းအတွက် တရားရေးအရ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

ထရမ့်လုပ်နေတာတွေဟာ နိုင်ငံတစ်နိုင်ငံအတွက် အဆိုးတကာ့ အဆိုးဆုံး ကိုယ့်ဂိုးကိုယ်သွင်းနေမှုမျိုးလို့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်က ပြောပါတယ်။ ခေတ်သစ် အမေရိကန် သမိုင်းမှာ အခုလောက် ဆိုးရွားတဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမှုမျိုး မမြင်ဖူးဘူးလို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

ဒါဟာ ထရမ့်ရဲ့ မတည်ငြိမ်တဲ့ အခွန်မူဝါဒတွေကြောင့် အမေရိကန် အပါအဝင် ကမ္ဘာ့ရှယ်ယာ စျေးကွက် တစ်ခုလုံးမှာ ထိခိုက်ကျဆင်းမှုတွေ ဖြစ်ပေါ်လာတာ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး အနာဂတ် မရေမရာဖြစ်မှုတွေ ကြီးထွားလာတာတွေကို နယူဆွမ်က ရည်ညွှန်းခဲ့တာပါ။

လူဦးရေ သန်း ၄၀ လောက် နေထိုင်ပြီး အမေရိကန် တစ်နိုင်ငံလုံး GDPရဲ့ ၁၄ ရာခိုင်နှုန်းလောက် ခွဲတမ်းရှိနေတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်ဟာ ထရမ့်ရဲ့ သွင်းကုန် အခွန် မူဝါဒတွေကြောင့် နိုင်ငံစီးပွားရေး ထိခိုက်မှုတွေ ကြုံလာရင် အထိခိုက်ဆုံး ခံစားရမယ့် ပြည်နယ်တစ်ခု ဖြစ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

တကယ်လို့ အမေရိကန်ရဲ့ ပြည်နယ်တစ်ခု အနေနဲ့ မဟုတ်ဘဲ နိုင်ငံတစ်ခု အနေနဲ့ ရပ်တည်မယ်ဆိုရင် ကယ်လီဖိုးနီးယားဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား ပဉ္စမ အတောင့်တင်းဆုံး နိုင်ငံ ဖြစ်နေမှာပါ။

ထရမ့်ရဲ့ ကသောင်းကနင်း နိုင်လှတဲ့ အခွန်စည်းကြပ်မှု မူဝါဒတွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေး ပမာဏ ကျဆင်းသွားရင် ကယ်လီဖိုးနီးယားဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာ ဆုံးရှုံးလာရလိမ့်မယ်လို့လည်း နယူဆွမ်က စွပ်စွဲခဲ့ပါတယ်။

ပြည်နယ် ရှေ့နေချုပ် ရော့ဘ်ဘွန်တာကတော့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရရဲ့ တရားစွဲဆိုမှုဟာ အမေရိကန် အစိုးရက ဖွဲ့စည်းပုံ ဥပဒေကို အတိအကျ လိုက်နာဖို့ တရားရုံးဆီ လျှောက်ထား တောင်းဆိုခဲ့တဲ့ အဓိပ္ပါယ်သာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါအပြင် သမ္မတထရမ့် ရဲ့ လုပ်ပုံကိုင်ပုံတွေက ဥပဒေအထက်ကို ရောက်နေသလို ဖြစ်မနေဘူးလားလို့ပါ ပြည်နယ်ရှေ့နေချုပ်က မေးခွန်းထုတ်သွားခဲ့ပါတယ်။

= = =

၂ နာရီကြာ ခရီးကို ၁ မိနစ်ပဲ ကြာမြင့်တော့မယ့် တရုတ်ရဲ့ ကမ္ဘာအမြင့်ဆုံးတံတား

တရုတ်မှာ အသစ်တည်ဆောက်နေတဲ့ ကမ္ဘာ့အမြင့်ဆုံး တံတားဟာ ပုံမှန် ၂ နာရီကြာအောင် သွားရတဲ့ ခရီးကို ၁ မိနစ်တည်းနဲ့ ရောက်ရှိစေမယ်လို့ ကြွေးကြော်ထားပါတယ်။

ကွေကျိုး ပြည်နယ်မှာရှိတဲ့ ဟွာကျီအန်း လျှိုကြီးကို ဖြတ်သန်းပြီး ဖောက်လုပ်ထားတဲ့ တံတားဟာ အောက်ဖက်မှာ စီးဆင်းနေတဲ့ မြစ်ရဲ့အထက် ၂၀၅၁ ပေ အမြင့်မှာ တည်ရှိပါတယ်။ ဒါကြောင့် လက်ရှိ ကမ္ဘာ့အမြင့်ဆုံး တံတားအဖြစ် သတ်မှတ်ထားတဲ့ ပြင်သစ်ရဲ့ မီလာဗိုင်ယာဒက် တံတားထက် ၉၄၇ ပေ ပိုမြင့်တဲ့ သဘောပါပဲ။

ဇွန်လမှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတဲ့ ဟွာကျီအန်း တံတားအသစ်ဟာ တရုတ်ရဲ့ အခြေခံ အဆောက်အအုံတွေကို အလေးထား ချဲ့ထွင်တဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို မြင်သာစေတဲ့ ပုံရိပ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ တံတားကြီး တည်ရှိရာ ကွေကျိုးပြည်နယ်ဟာ တောင်ထူထပ်ပြီး မြေပြင်အနေအထားက အရမ်းရှုပ်ထွေးတဲ့ အခြေအနေမျိုးပါ။ ဟွာကျီအန်း လျှိုကြီးကတော့ ကမ္ဘာ့အက်ကွဲကြောင်းလို့ တင်စားခံရလောက်အောက် ကျယ်ပြန့် ကြီးမားပါတယ်။

ပုံမှန်ဆိုရင် ချောက်ရဲ့ ဟိုဖက်ဒီဖက်ကို ကူးဖို့အတွက် ကားတွေဟာ ရှုပ်ထွေးပြီး ရှည်လျားတဲ့ တောင်ဆင်းတောင်တက် လမ်းတွေကို နှစ်နာရီကြာ ဖြတ်သန်းမောင်းနှင်ဖို့ လိုပေမယ့် ပေပေါင်း ၉၅၀၀ နီးပါးထိ ရှည်တဲ့ ကြိုးတံတားကြီး ပြီးစီးသွားရင်တော့ အဲဒီ ခရီးဟာ တစ်မိနစ်သာ ကြာတော့မယ်လို့ တရုတ် အစိုးရ မီဒီယာတွေက ညွှန်းဆိုထားပါတယ်။

တံတားကို ပေ ၈၆၀ ဆီ ရှည်လျားတဲ့ အဓိက မျှော်စင်ထောက်တိုင်ကြီး နှစ်ခုက ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ သံမဏိတွေနဲ့ အဓိက တည်ဆောက်ထားတဲ့ တံတား တစ်ခုလုံးဟာ ၂၂၀၀၀ တန်ချိန် လေးလံပြီး တစ်နည်းအားဖြင့် ပြင်သစ်ရဲ့ အိုင်ဖယ်မျှော်စင် သုံးခုစာ ပမာဏ ဖြစ်ပါတယ်။

အခုအခါမှာတော့ တံတားရဲ့ တည်ဆောက်မှု အားလုံးဟာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒုတိယ နှစ်ဝက်လောက်မှာ ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ကြောင်း တံတားစီမံကိန်းကို တာဝန်ယူထားတဲ့ ကွေကျိုး အဝေးပြေးလမ်းမများ ဖွံ့ဖြိုးရေး ကုမ္ပဏီရဲ့ အင်ဂျင်နီယာချုပ် ကျန်းရှန်လင်းက ပြောပါတယ်။

ကမ္ဘာပေါ်မှာ အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ တံတားအစင်း ၁၀၀ ထဲက ထက်ဝက်လောက်ဟာ ကွေကျိုးပြည်နယ်ထဲမှာ တည်ရှိနေတာလို့လည်း သိရပါတယ်။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 – https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring

Leave a comment

0.0/5

Subscribe for the updates!